Entertainment



ORIGINAL GANGSTER 4 အတွက် တက်တူးထိုးလိုက်တဲ့ ယုန်လေး


အဆိုတော် ယုန်လေး တက်တူးထိုးလိုက်ပါပြီ။ Original Gangstar 2 အတွက်တုန်းက မြင့်မြတ်နဲ့ ခင်လှိုင်တို့ နှစ်ယောက် တတ်တူး အစစ်တွေ ထိုးခဲ့ပေမယ့် ယုန်လေးကတော့ တက်တူးမထိုးခဲ့ပါဘူး။ ဒါပေမယ့် ORIGINAL GANGSTER 4  ဇာတ်ကားရိုက်ကူးမှုမှာတော့ ဇာတ်ဝင်ခန်းအရ တက်တူးအစစ်ထိုးခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။

"TATTOO ထိုးတော့ ထိုးတော့ ပြောနေတဲ့ ညီအစ်ကိုမောင်နှစ်မများ အတွက် ORIGINAL GANGSTER 4 ဇာတ်ကားရိုက်နေရင်း

ဇာတ်ဝင်ခန်း အရအစစ်ထိုးခဲ့ပါသည်။ အားလုံး Peace" ဆိုပြီး ပြောထားပါတယ်။

ORIGINAL GANGSTER ဇာတ်ကားဟာ ပရိသတ်တွေကြားထဲမှာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အခုဆိုရင် အပိုင်း (၄) အထိတောင် ရောက်ရှိလာတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

ယုန်လေးကတော့ Original Gangster ဇာတ်ကား(၂)တုန်းကတော့ တက်ထူးထိုးတာနဲ့ ပတ်သက်ပြီး ယခုလို ပြောပြခဲ့ဖူးပါသေးတယ်။

"ကျွန်တော်တို့သုံးယောက်စလုံးတက်တူးထိုးဖို့ပါပဲ။ ကျွန်တော်စလိုက်တာပေါ့။ မြင့်မြတ်နဲ့ကိုခင်လှိုင်တို့က ထိုးပြီးသွားကြပြီ။ကျွန်တော်ကတော့ မထိုးရသေးဘူး။ အခုချိန်ထိုးလည်း မမှီတော့ဘူးလေ။ဒါပေမယ့် တက်တူးထိုး မထားပေမဲ့လည်း လူမိုက်တစ်ယောက်ဖြစ်နိုင်တယ် ဆိုတာကို ပြချင်တယ်။ပြောရရင် တက်တူးထိုးတိုင်းလည်း လူမိုက်မဟုတ်ဘူးလေ။ဒီဇာတ်ကားကြီးအတွက် တက်တက်ကြွကြွနဲ့ တက်တူးတွေထိုးတဲ့အတွက်လည်း အရမ်းကိုဝမ်းသာတယ်။"လို့ သူကဆိုပါတယ်။

အခုတော့ ယုန်လေးတစ်ယောက် တကယ် တက်တူးထိုးဖြစ်သွားပါပြီ။ လက်ရှိမှာတော့ ORIGINAL GANGSTER 4 ကို ဆက်လက်ရိုက်ကူးလျက်ရှိတယ်လို့ သိရပါတယ်။

Sourced from Duwun




မွေးနေ့ဆုတောင်းတွေကြောင့် ပျော်ရွှင်ရပါတယ်ဆိုတဲ့ Tylor Swift


ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ တေလာဆွစ်ရဲ့ အသက် ၂၈ နှစ်ပြည့် မွေးနေ့မှာ ခင်မင်ရင်းနှီးတဲ့ ဆယ်လီတွေသာမက ပရိသတ်တွေကပါ မွေးနေ့ဆုတောင်း ပေးခဲ့ကြတာဖြစ်ပါတယ်။ ဆယ်လီနာရဲ့ မွေးနေ့ဆုတောင်းကတော့ တကယ့်ကို ကြည်နူးစရာကောင်းလှပါတယ်။

ဆယ်လီနာက တေလာနဲ့အတူ ရယ်မောရင်း ရိုက်ကူးထားတဲ့ ဆယ်ဖီဗီဒီယိုလေးနဲ့အတူ မွေးနေ့ဆုတောင်းစကား ရေးပေးထားတာဖြစ်ပါတယ်။

"နင် မွေးဖွားလာတဲ့အတွက် ငါဝမ်းသာတယ်။ တချို့သောသူတွေ ထုတ်ဖော်မပြောတတ်တဲ့ အတွေးတွေအားလုံးကို နင်က ချရေးတယ်။ စစ်မှန်ပြီး စိတ်ဓာတ်နိုးကြားစေတဲ့ အသံကို ကမ္ဘာကြီးကို ပေးတဲ့ နင့်ကို ကျေးဇူးတင်တယ်။ နင့်ရဲ့နှလုံးသားက ဘယ်လောက်ကြီးမားတယ်ဆိုတာကို တချို့သူတွေကို သိစေချင်လိုက်တာ။ နင့်ကို ငါချစ်တယ် @taylorswift" လို့ ရေးသားထားတာ ဖြစ်ပါတယ်။

တေလာဆွစ်ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ကာလီကလော့စ်ကလည်း တေလာနဲ့ နှစ်ယောက်အတူ ရိုက်ထားတဲ့ ဆယ်ဖီဓာတ်ပုံဟောင်းလေးနဲ့ Happy happy birthday @taylorswift! လို့ ရေးသားပြီး မွေးနေ့ဆုတောင်းထားပါတယ်။

ရူဘီရို့စ်ကလည်း တေလာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို တင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

တေလာကတော့ သူမရဲ့ အသက် ၂၈ နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းပေးကြသူအားလုံးကို ကျေးဇူးတင်ကြောင်းပြောရင်း  လန်ဒန်ရှိ Jingle Bell Ball မှာ ဖျော်ဖြေနေတဲ့ ဓာတ်ပုံလေးတစ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

"အားလုံးကို အရမ်းချစ်ပါတယ်။ ဒီထက် ပျော်စရာကောင်းတဲ့နှစ် မရှိတော့ပါဘူး။ အဲဒါ အားလုံးရဲ့ ကျေးဇူးကြောင့်ပါ။ မွေးနေ့ဆုတောင်းတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အသက် ၂၈ နှစ်မှာ ဘယ်လိုမျိုးလဲဆိုတာ သိချင်လှပြီ။ ဖျော်ဖြေပွဲတွေမှာ တွေ့ကြမယ်နော်" လို့ တေလာဆွစ်က ရေးထားပါတယ်။

 Sourced from Duwun




အမ်မာစတုန်းကို ချစ်နေဆဲလို့ ပြောလိုက်တဲ့ အန်ဒရူးဂါဖီး


အန်ဒရူးဂါဖီးနဲ့ အမ်မာစတုန်းတို့ဟာ ရည်းစားဟောင်းတွေဖြစ်ပေမဲ့ အခုထိ အခင်အမင်မပျက် ရှိနေကြသူတွေပါ။ အန်ဒရူးဂါဖီးက ၅ နှစ်တိတိ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ အမ်မာစတုန်းအပေါ်ကာရီ ချစ်နေဆဲဆိုတာကို လူသိရှင်ကြားပြောပြလိုက်ပါတယ်။
La La Land ရုပ်ရှင်ကားမှာ အမ်မာစတုန်း အော်စကာဆု ရရှိတဲ့အပေါ် ဘယ်လိုမြင်လဲလို့ အန်ဒရူးကို မီဒီယာတစ်ခုက မေးမြန်းစဉ်မှာ သူက အခုလို ဖြေကြားလိုက်တာဖြစ်ပါတယ်။
"ကိုယ်ချစ်တဲ့သူတစ်ယောက်ကို အဲဒီလို အသိအမှတ်ပြုခံရတာကို မြင်ရတာ ကြည်နူးစရာပါ။ သူ့အတွက် အရမ်းကျေနပ်ပါတယ်" လို့ အန်ဒရူးက ပြန်ဖြေခဲ့ပါတယ်။
ပြတ်သွားတာ ၂ နှစ်ကျော်ရှိပြီဖြစ်တဲ့ ရည်းစားဟောင်းကို အန်ဒရူးက ကိုယ်ချစ်တဲ့သူတစ်ယောက်လို့ ရည်ညွှန်းလိုက်တာပါ။
အန်မာစတုန်းဟာ Saturday Night Live အမေရိကန်ရုပ်သံရှိုးရဲ့ စာရေးဆရာ ဒေ့ဗ်မက်ကာရီနဲ့ ချစ်သူတွေဖြစ်နေကြပြီဖြစ်ပါတယ်။ အန်ဒရူးမှာရဲ့ အချစ်ရေးကရော ဘယ်လိုလဲဆိုတာကို မေးမြန်းချိန်မှာတော့ သူက မဖြေချင်ခဲ့ပါဘူး။
"ဒီအကြောင်းကို လူသိရှင်ကြား ပြောချင်စိတ်မရှိပါဘူး" လို့သာ သူက ပြောခဲ့ပါတယ်။
အန်ဒရူးနဲ့ အမ်မာတို့ဟာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလက The AMazing Spider-Man ဇာတ်ကားအတူရိုက်ရင်း စုံခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဇာတ်ကားရိုက်ကူးစဉ်မှာ အနေနီးစပ်ခဲ့ကြပါတယ်။ ၂၀၁၁ ဧပြီလမှာတော့ ၂ နှစ်ကြာ ချစ်သူဖြစ်နေတဲ့ Kieran Culkin နဲ့ လမ်းခွဲလိုက်ပါတယ်။ အန်ဒရူးကလည်း သူ့ချစ်သူနဲ့ လမ်းခွဲလိုက်ကာ နောက်ပိုင်းမှာ သူတို့တွေ လူမသိသူမသိတွဲလာခဲ့ကြတာဖြစ်ပါတယ်။
ချစ်သူတွေဖြစ်ကြောင်း တရားဝင်မကြေညာခဲ့ပေမဲ့ ကော်ဇောနီတွေပေါ်မှာ အမြဲမြင်တွေ့ခဲ့ရပါတယ်။ ၂၀၁၅ နှောင်းပိုင်းမှာတော့ သူတို့နှစ်ဦးကို သိပ်ပြီး တွဲသွားတွဲလာမတွေ့ရတော့ပါဘူး။ ၂၀၁၅ အောက်တိုဘာလမှာ သူတို့ ကွဲသွားကြတယ်လို့ အားလုံးက ယူဆထားခဲ့ကြပါတယ်။
Sourced from Duwun





တစ်နှစ်ပြည့်ဖို့ တစ်လပဲ လိုတော့တဲ့ ချစ်သုဝေရဲ့ အမြွှာသမီးလေး


ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးတွေကတော့ ဒီနေ့(ဒီဇင်ဘာ၁၉ရက်)မှာ (၁၁)လပြည့်ပြီလို့ ဆိုပါတယ်။
တစ်နှစ်ပြည့်ဖို့ တစ်လပဲ လိုတော့တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးတွေလည်း ဖြစ်ပါတယ်။
အဖေနဲ့အမေဆီက အလှအပလေးတွေ အကုန်ရထားတဲ့ သူတို့လေးတွေကတော့ မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းလေးနဲ့ ပြည့်ဆုံတယ်လို့ ပြောရမလားပါပဲ။
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို လင်းလင်းနဲ့ ချစ်သုဝေတို့ ရရှိထားရုံသာမက ကလေးလေး နှစ်ယောက်ကပါ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားပြန်ပါတယ်။
ပည့်ပြည့်ဖောင်းဖောင်း ဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်စရာကောင်းတဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ အမြွှာညီအစ်မကတော့ ပရိသတ်တွေရဲ့ အသည်းကျော်ပါပဲ။
မေမြန်မာသစ်နဲ့ မေမြန်မာခေတ်လို့ နာမည်ပေးထားတဲ့ အမြွှာလေးတွေကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ  ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
မေမြန်မာသစ်နဲ့ မေမြန်မာခေတ် အမြွှာနှစ်ယောက်ထဲမှာ အကြီးမလေးက အမေချစ်သုဝေနဲ့တူပြီး အငယ်မလေးကတော့ ဖခင် လင်းလင်းနဲ့တူတယ်လို့ ပြောကြပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
Sourced from Duwun






ဖက်ရှင်နဲ့အသုံးအဆောင်ပစ္စည်းတွေကိုဈေးနှုန်းချိုသာစွာနဲ့ရရှိနိုင်မယ့် Yangon Night Market


Bangkok Night Market ရဲ့အငွေ့အသက်တွေကိုရရှိစေမယ့်Yangon Night Market

 

Victoria University College မှကြီးမှူး၍ကျင်းပပြုလုပ်မည့် Yangon Night Market ပွဲကြီးကို ဒီဇင်ဘာလ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ Myanmar Culture Valley

(People's Park) တွင်ညနေ ၄ နာရီမှ စတင်၍ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉-၃၀ ရက်နေ့တွင် ညနေ ၄ နာရီမှ ည ၉ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ၃၁ ရက်နေ့ New Year ညတွင် ညနေ ၄ နာရီမှ ည ၁၂နာရီခွဲအထိကို စီကားသိုက်မြိုက်စွာဖြင့်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ပါဝင်ရောင်းချသွားမည့်Yangon Night Market ပွဲကြီးကို Bangkok Night Market အတိုင်းကျင်းပနိုင်ရန်စီစဉ်သွားမည်ဖြစ်ပြီး၊ အစားအစာများ၊ အဝတ်အထည်များ၊ ဖက်ရှင်နှင့် အသုံးအဆောင်ပစ္စည်းများကို တစ်နေရာတည်းတွင် ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါအခမ်းအနားတွင် နိုင်ငံကျော်တေးသံရှင်များ၏ဖျော်ဖြေမှုအစီအစဉ်များ၊ Lucky Draw အစီအစဉ်များနှင့် ပျော်ရွှင်ဖွယ်ဂိမ်းအစီအစဉ်များလည်းပါဝင်မှာဖြစ်ပါတယ်။

 ပွဲဖြစ်မြောက်ရေး အတွက်ကို Main Sponsor အဖြစ် Yoon Arkar Logistic Company Limited မှကူညီပံ့ပိုးပေးထားပါတယ်။ Yangon Night Market ကိုကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်နဲ့ပတ်သက်၍ Victoria University College မှ ကျောင်းသူ မဆုပြည့်အောင်က ယခုလိုဖြေကြားပေးခဲ့ပါတယ်။ “ဒီပွဲလေးကိုလုပ်ဖို့စီစဉ်တာက ညီမတို့ Victoria University College အနေနဲ့လည်း ဒါပထမဆုံးအကြိမ်ပါ။ ဒီပွဲလေးကို New Year မှာမိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်လည်ပတ်နိုင်ပြီး၊ နှစ်သစ်ကိုမိသားစုနဲ့အတူဖြတ်သန်းနိုင်စေချင်တဲ့ရည်ရွယ်ချက်၊ အဲ့လိုပွဲလေးလုပ်ခြင်းအားဖြင့်လည်း ညီမတို့ကျောင်းရဲ့ Image ကိုလည်းပိုပြီးတော့ပေါ်လွင်စေချင်တဲ့ရည်ရွယ်ချက်၊ နောက်တစ်ခုက Bangkok Night Market လိုပွဲတော်မျိုးကို ခံစားပေးချင်တဲ့ရည်ရွယ်ချက်တွေနဲ့ ညီမတို့ဒီပွဲလေးကိုလုပ်ဖို့စီစဉ်ခဲ့တာပါ။ New Year ညဖြစ်လို့ဆိုပြီးတော့လည်း စိုးရိမ်စရာမလိုပါဘူး။ ညီမတို့ဆီမှာ Security ကိုအပြည့်ချပေးထားမှာပါ။ မိသားစုအားလုံးနှစ်သစ်ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ Yangon Night Market ကိုလာခဲ့ကြပါ။ ပျော်ရွှင်စရာအစီအစဉ်တွေလည်းအများကြီးရှိပါတယ်” ဟုဖြေကြားပေးခဲ့ပါတယ်။