ယခုနှစ်ကုန်ပိုင်း Google Assistant သုံးနိုင်မယ့်နိုင်ငံစာရင်းမှာ မြန်မာပါဝင်
Recent News


Google I/O 2018 ကွန်ဖရင့်ရဲ့ ကြေငြာချက်တွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးက လူဆန်လာတဲ့ Google Assistant ပါ။ လုပ်ဆောင်ချက်တွေနဲ့ အသံစနစ်ပိုင်း အထူးအဆင့်မြှင့်ထားတဲ့ Google Assistant သစ်ကို ဒီနှစ်ကုန်ပိုင်းမှာ နိုင်ငံပေင်း ၈၀ ဆီ ဖြန့် ချိသွားမှာ ဖြစ်ပြီး ဒီထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 "ဒီနှစ်ကုန်ပိုင်းမှာ Assistant ကို ဘာသာစကား ၃၀ နဲ့ ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး နိုင်ငံပေါင်း ၈၀ ကို ဖြန့် ချိသွားမှာပါ" လို့ Google Assistant ရဲ့ အင်ဂျင်နီယာဌာန ဒုဥက္ကဌ စကော့ဟက်ဖ်မန်းက I/O 2018 ပွဲမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာတုန်းကတော့ Google Assistant ရနိုင်မယ့် နိုင်ငံစာရင်းကို ထုတ်ပြန်ခြင်း မရှိခဲ့ပေမယ့် အခုချိန်မှာတော့ အာရှ ၊ အာဖရိက ၊ ဥရောပ ၊ အရှေ့ အလယ်ပိုင်းနဲ့ အမေရိကတိုက်က Google Assistant သုံးလို့ ရမယ့် နိုင်ငံပေါင်း ၈၀ စာရင်းကို သိရပြီ ဖြစ်ပါတယ်။

အာရှ ပစိဖိတ်ဒေသတွင်းမှာတော့ မြန်မာအပါအဝင် အာဆီယံထဲမှ ၇ နိုင်ငံဟာ Google Assistant သုံးနိုင်မှာ ဖြစ်ပေမယ့် Google ကုမ္ပဏီဘက်မှ Google Assistant ကို ဒေသသုံး ဘာသာစကားတွေကို support လုပ်ပေးသွားမလားဆိုတာကိုတော့ မသိရသေးပါဘူး။ Google ရဲ့ ဒစ်ဂျစ်တယ် အသံအကူစနစ်ဖြစ်တဲ့ Google Assistant ကို ၂၀၁၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Google ရဲ့ စာပို့ ဝန်ဆောင်မှု Allo ၊ Google ထုတ် Pixelဖုန်းများနဲ့ Google Home စမတ်စပီကာတို့ မှာ ပထမဆုံး သုံးခဲ့တာပါ။ ဒီနောက်မှာတော့ Google Assistant ကို တစ်ခြား စမတ်စပီကာများ ၊ Google နဲ့ ပါတနာကုမ္ပဏီတွေက ထုတ်တဲ့ Chromebooks များ ၊ အန်းဒရိုက် TV ၊ Google Pixel Buds ၊Wear OS သုံး စမတ်နာရီများ နဲ့ စမတ်အိမ်သုံးပစ္စည်းများမှာ သုံးလာခဲ့ပါတယ်။
ယခုနှစ် Google I/O 2018 ပွဲမှာ အဆင့်မြှင့်တင်ထားတဲ့ Google Assistant ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒီတစ်ခါ Google Assistant မှာတော့ အရင် virtual assistant မှာလို တစ်ခုခု ခိုင်းခါနီးတိုင်း Hey Google / OK Google ပေးစရာမလိုဘဲ စပြီး သုံးတဲ့ တစ်ချိန်ပဲ Hey Google တစ်ခါပြောပြီး ခိုင်းလို့ ရမှာပါ။ အသံသစ် ၆ မျိုးနဲ့ မိတ်ဆက်လာတဲ့ Google Assistant နဲ့ အတူ တကယ့်လူတစ်ယောက်ရဲ့ စကားသံလို ပြောဆို ဆက်သွယ်ပေးမယ့် Duple အဆင့်မြင့် အသံနည်းပညာလည်း ပါလာပါတယ်။ လူတစ်ယောက်လို သဘာဝကျကျ ဆက်သွယ်လုပ်ဆောင်နိုင်တဲ့ ဒီနည်းပညာကြောင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း တစ်ဆင့်မြင့်လာဖို့ ရှိပါတယ်။
Sourced from Duwun
14/May/2K18